မင်္ဂလာပါဘကြီးစိန်
အဲဒီ “မင်္ဂလာပါဘကြီးစိန်” ဆိုတဲ့ နှုတ်ခွန်းဆက်စကားက ကျုပ်ရဲ့ရင်ထဲက အလိုအလျောက် ထွက်ပေါ်လာတဲ့ လှိုက်လှိုက်လှဲလှဲ စကားပါ။ အသံအဖြစ်နဲ့သာ မြည်ဟည်းခွင့်ရမယ်ဆိုရင် ရင်ခေါင်းသံနဲ့ ဝမ်းပန်းတသာ ပြောလိုက်တဲ့ အာလုတ်စကားမျိုးပေါ့။ ဟုတ်တယ် ဘကြီး။ ကျုပ်အခု ပျော်နေတယ်။ ကြည်နူးနေတယ်။ တစိမ့်စိမ့်တွေးပြီး တငြိမ့်ငြိမ့်လေးနဲ့ကို ပီတိဖြစ်နေတာ။ ကျုပ်တစ်ယောက်ထဲ ဒီလိုပျော်နေတာမျိုးမဟုတ်ဘူး။ ကျုပ်မြင်သမျှ မြန်မာလူမျိုးတိုင်း တစ်ဦးစီ တစ်ဦးစီတိုင်း ကျုပ်နဲ့ထပ်တူ ၊ ကျုပ်ထက်မလျော့တဲ့ ပျော်ရွှင်ခြင်းတွေနဲ့ အပျော်ကြီးပျော်နေကြတာခင်ဗျ။ ဘာကြောင့်ပျော်လဲ ဆိုတာ ဘကြီး သိမှာပါ။ မသိစရာမှ မဟုတ်တာ။
ဒီညဦးပိုင်းက ဘကြီးလက်မှတ်ထိုးပြီး ထုတ်ပြန်ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက်ကြောင့် ကျုပ်တို့ ပျော်နေမိတယ်။ တစွန်းတစ ကြားရတဲ့ စကားတွေကလည်း နှလုံးပီတိ ဂွမ်းဆီထိ သလိုပါပဲဗျာ။ “နိင်ငံရေးအကျဉ်းသားတွေလွှတ်မယ်” “ခင်ဗျားတို့လိုချင်တဲ့သူတွေ အကုန်ပါမယ်” ဆိုတဲ့ သတင်းတွေက ကျုပ်ရဲ့ပီတိနဲ့ ဝမ်းမြောက်ခြင်းကို မှိုင်းအပြည့်သိပ်ပေးနေသလိုပါပဲဗျာ။ ဟုတ်တယ် ဘကြီး။ ကျုပ်ရဲ့စိတ်တွေ မီးပုံးပျံတခုလို တငြိမ့်ငြိမ့်နဲ့ကို မြင့်တက်နေတာဗျ။ ဒီလိုစိတ်အား မတက်ကြွရတာ ကြာပြီ။ တိတိကျကျပြောရရင် နောက်ဆုံးတစ်ခေါက်အကျဉ်းသားတွေ လွှတ်ပေးပြီးတဲ့နေ့ထဲကိုက ဘကြီးတို့နဲ့ပါတ်သတ်ရင် ကျဆင်းသွားတဲ့ ကျုပ်ရဲ့စိတ်တွေ ခုတော့ တဖန်ပြန်မြင့်တက်နေပြန်ပြီဘကြီး။
ဒီတော့ ဘကြီးက ကျုပ်ကို မေးခွန်းတစ်ခုထုတ်ချင်နေမလားဘဲ။ လွှတ်မယ့်ထဲ ငါ့တူကြီးအမျိုးတွေ ပါလို့လားလို့ မေးချင်မှာပဲ။ ဒီလိုသာမေးလာခဲ့ရင် ကျုပ်အားရပါးရ ဖြေပစ်လိုက်မှာ။ ကျုပ်အမျိုးတွေမပါဘူးဘကြီး။ ဒါပေမယ့်ကျုပ်အမျိုးတွေထက် အရေးကြီးတဲ့ တနိင်ငံလုံးကိုမေတ္တာရှိပြီး အနစ်နာခံခဲ့တဲ့ ကျုပ်တို့ရဲ့ သူရဲကောင်းတွေ ပါနေလို့ပဲ။ အကျဉ်းထောင်တွေထဲက သူတို့တွေလွတ်မြောက်ခြင်းက ကျုပ်တို့နိင်ငံသားတိုင်းရဲ့ စိတ်နှလုံးသားအကျဉ်းကျနေမှုက လွတ်မြောက်တာနဲ့ အတူတူပါပဲဘကြီး။ ဒါကြောင့် ဒီနေ့ညသတင်းအတွက် နိင်ငံသားတိုင်းပျော်ကြတယ်။ ကြည်နူးကြတယ်။ တက်ကြွကြတယ်။
ကျုပ်လည်း တက်တက်ကြွကြွနဲ့ အတွေးတွေ ဟိုရောက်ဒီရောက်ဖြစ်မိရင်း သတိထားမိတာ တစ်ခုရှိလာတယ်။ အဲဒါကဘာလဲဆိုတော့ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ နိင်ငံတိုင်းမှာ ဘကြီးလို အခွင့်အရေးမျိုးရတဲ့ နိင်ငံအကြီးအကဲတွေ နဲနဲလေးပဲ ရှိတယ်ဘကြီး။ လက်ငါးချောင်းစာအရေအတွက်တောင် ရှိမယ်မထင်ဘူး။ ဘကြီးသိပ်ကံကောင်းပါတယ်ဗျာ။
ဘာကြောင့်ဆိုတာ ကျုပ်ရှင်းပြပါ့မယ်။ ဒီလိုခင်ဗျ...
နိင်ငံကိုအုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေအနေနဲ့ မိမိအိတ်ထဲကငွေဖြစ်ဖြစ် နိင်ငံတော်ပိုင် ဘဏ္ဍာငွေ ဖြစ်ဖြစ် တပြားတချပ်မှ မထိခိုက် မပွန်းပဲ့ရဘဲနဲ့ တနိင်ငံလုံးကို ( တနိင်ငံလုံးနော်ဘကြီး) ဟေးးးး ခနဲ ထခုန်အောင် ၊တိုင်းသူ ပြည်သားချင်းချင်း လက်တွေဆွဲ ပွေ့ဖက်နှုတ်ဆက်ကြ၊ မြင်ရသမျှမျက်ဝန်းအိမ်တိုင်း ပီတိတွေနဲ့ရွှန်းလဲ့ကြ၊ နှုတ်ခမ်းတွေမှာ သူ့အလိုလို အပြုံးတွေချိတ်တွယ်လာကြ နဲ့ အဲဒီလောက် ပျော်ရွှင်ရအောင် လုပ်နိင်တဲ့ နိင်ငံခေါင်းဆောင်တွေ သိပ်ရှားတယ်ဘကြီး။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရာချီအရေအတွက်ရှိတဲ့ ခေါင်းဆောင်တွေထဲမှာမှ ဘကြီးက ဒီလို ဖြစ်ခွင့်ရှိနေတယ်။
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း ရပ်လိုက်ပြီဟေ့လို့ ဘကြီးထုတ်ပြန်ကျေငြာလိုက်တုန်းကလည်း အခုလို တနိင်ငံလုံး ပျော်ခဲ့ရပြီးပြီ။ ဟော.. အခုလည်း ထပ်ပျော်ရအုံးမယ်။ ဒီလိုပျော်ရွှင်စရာဖန်တီးပေးဖို့ အခွင့်အရေးတွေ အများကြီး ကျန်နေသေးတယ်ဘကြီး။ တခုပြီးတခုသာ ဆွဲဖွင့်ပစ်လိုက်ပါဗျာ။ နိင်ငံဘဏ္ဍာတွေကို အိမ်နီးချင်းနိင်ငံတွေ အိမ်ဝေးချင်းနိင်ငံတွေက မတရားဂုတ်သွေးစုပ်တာမျိုး တားမြစ်ပြီး ကိုယ့်နိင်ငံသားတွေ စံစားရအောင် ဖန်တီးပါအုံးဘကြီးရာ။ ကျုပ်တို့ပြည်သူတွေလား ... သေချာတယ်ဘကြီး တပြိုင်နက်ထဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရမှာပါ။ ကျုပ်ဒီစာကို မနက်ဖြန်မှရေးမလို့ ကြံစည်သေးတယ်။ မနေနိင်ဘူးဘကြီးရာ။ တလိမ့်လိမ့်တက်လာတဲ့ ဝမ်းသာခြင်းတွေက ကျုပ်လက်တွေကို ချက်ချင်းအသုံးချတော့တာပဲ။
ဒါနဲ့ချက်ချင်းချရေးဖြစ်သွားတယ်။ ရေးနေရင်းနဲ့ကို ရေးချင်တဲ့စာသားတွေက အလုအယက် တိုးဝှေ့တက်လာနေတယ်။ လူတွေစိတ်အားတက်ကြွတဲ့အခါ ဖြစ်လေ့ရှိတဲ့ အဖြစ်မျိုးတွေပေါ့။ လူတွေမှာ စိတ်အားတက်ကြွလွန်းတိုင်း တိတ်တခိုး စိုးရိမ်ပူပန်စိတ်ကလေးကလည်း ဝင်လာမြဲပဲမဟုတ်လား။ ဟုတ်တယ်ဘကြီး ကျုပ်စိတ်ပူနေတာလည်း ရှိတယ်။ အဲဒါကတော့ မနက်ဖြန်မှာ မညာပါနဲ့တော့။ ဘကြီးအိတ်ထဲက တပြားတချပ်မှ မပွန်းပဲ့ရဘဲ တနိင်ငံလုံးပျော်ရွှင်ခြင်းကို သေသေချာချာ ဖန်တီးပေးပါဘကြီးရာ။ တရိပ်ရိပ်မြင့်တက်နေတဲ့ ကျုပ်တို့ပြည်သူတွေရဲ့ စိတ်နှလုံးသားကို ဘယ်သတင်းဆိုးနဲ့မှ မြေကြီးထဲပြန်ဝင်သွားအောင် မလုပ်ပါနဲ့တော့။ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူတွေ လွတ်မြောက်လာဖို့ပဲ ကျုပ်တို့ မျှော်လင့်နေတယ်။ ကျုပ်ထပ်ပြောပါရစေဘကြီးစိန်.... မနက်ဖြန် (၁၃.၁.၂၀၁၂) မှာ ထပ်မညာပါနဲ့တော့ဗျာ။
သတင်းကောင်းကို အမျှော်လင့်ကြီး မျှော်လင့်နေရှာသူ
အဝေးတနေရာမှ
မြစ်ကျိုးအင်း
(Facebook မှာတင်ထားတဲ့ Note လေးကို ကိုမောင်သန့် အကြံပေးကောင်းလို့ ဘလော့ဂ်ပေါ်တင်ဖြစ်တာပါ။ ဒီနေ့မှ ဘလော့ဂ်လေးလည်း ကလိထားတာဆိုတော့ မင်္ဂလာသတင်းလေးနဲ့ ဘလော့ဂ်ဖွင့်တယ်လို့ မှတ်ယူပေးကြပါခင်ဗျာ။ စာဖတ်သူအားလုံး ပျော်ရွှင်ဖွယ်သတင်းစကားများနဲ့ ဝမ်းမြောက်ကြည်နူး နိင်ကြပါစေ။)